မူဆယ်မြို့တွင် ကျောင်းသားလူငယ်များအား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မူဆယ် ဩဂုတ် ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကျောင်းသားလူငယ်များအား အသိပညာပေး ဟောပြောပွဲကို အ.လ.က(၁)ကျောင်းနှင့် အမှတ်(၃)မူလတန်းလွန်ကျောင်းများတွင် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်များအား အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသားလူငယ်များအား ကျောင်းအားလပ်ချိန်တွင် စာများများဖတ်ကြရန် တိုက်တွန်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက လူငယ်လူရွယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတ အသိပညာများရရှိစေရန် စာအုပ်ကောင်းများကို ဖတ်ရှုပြီးလေ့လာသင်ယူရန် လိုအပ်ကြောင်း၊ အလိမ္မာစာမှာရှိဆိုသည့်အတိုင်း လူငယ်လူရွယ်များ ယဉ်ကျေးလိမ္မာရန်မှာ စာအုပ်စာပေများများ ဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ကြီးမြတ်သောလူမျိုးများ အကြောင်းပြောကြားပြီး စာအုပ်စာစောင်များကို ကျောင်းစာကြည့်တိုက်အပြင် မိမိတို့ရုံးရှိ ပြည်သူ့စာကြည့်တိုက်တွင်လည်း လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် လျန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး စာတမ်းထိုး ဗီဒီယိုဇာတ်ကားများကို ပြသပေးရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)