မြစ်ကြီးနား သြဂုတ် ၂၀
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား နှစ်စဉ်မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ပြည်သူများ စည်းစိမ်ဥစ္စာ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ မြစ်ရေအမြင့်ဆုံးမြင့် တက်လာနိုင်မှုမှ ကာကွယ်နိုင်ရေး ယခုဘဏ္ဍာနှစ်စတင်၍ ရေလျှံတားမြေထိန်းနံရံလုပ်ငန်းများ၊ ရေထိန်းတံခါးများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့မွန်းလွဲ ၂ နာရီက တာဝန်ရှိသူများနှင့်အတူ ဗလမင်းထင်တံတားအထက်ပိုင်း၊ မန်ခိန်ရပ်ကွက်အတွင်း ရေလျှံ တားကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဗလမင်းထင်တံတားအထက်ဘက်ပိုင်း မန်ခိန်ရပ်ကွက်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၃၂၃၄) သန်းဖြင့် ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူတည်ဆောက်လျက်ရှိသော အလျား (၆၄၅) ပေအရှည်နှင့်အလျား (၆၃၀) ပေအရှည် ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို မြစ်ကမ်းပါးတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ထို့နောက် ရှင်းလင်းဆောင်၌ ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က မြစ်ရေကြီးရေလျှံမှုမှ ကာကွယ်ရေးနိုင်ရေး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများစီမံကိန်းများ၊ ရေလျှံတားကျောက်စီရေထိန်းနံရံ တည်ဆောက် လျက်ရှိသည့် အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစီမံကိန်းများကိုလည်းကောင်း၊ တာဝန်ရှိသူများက လုပ်ငန်းစီမံကိန်းအလိုက် ပြီးစီးအောင်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက တည်ဆောက်ရေးလုပ်ငန်းများအပေါ် အနီးကပ်စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ချိန်အမီ၊ အရည်အသွေးပြည့်မီစွာ ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗလမင်းထင်တံတားမှ တစ်ဆင့်ဗလမင်းထင်တံတားအောက်ပိုင်း မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ဗလမင်းထင်အမှတ် (၂) တံတား တည်ဆောက်ရေးလုပ်ငန်းများ အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက် ၉ နာရီခွဲကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြို့တော်မြစ်ကြီးနားမြို့အား Smart City ဖြစ်လာစေရေး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် ဖိုင်ဘာကြိုးများကို သွယ်တန်းခြင်းအား စနစ်တကျဖြစ်စေရေးအတွက် မြေပေါ်၊ မြေအောက် Fiber Common Infrastructure (Port Sharing) စီမံကိန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိမြို့ပြများ သန့်ရှင်းသပ်ယပ်ပြီး မြို့ပြစနစ်ကျမှုရှိစေရေးအတွက် ကြိုးစားဆောင်ရွက်ရာတွင် ဆက်သွယ်ရေးတာဝါတိုင်များ၊ ဆက်သွယ်ရေးကြိုးများ၊ အင်တာနက် Wifi ကြိုးများနှင့် လျှပ်စစ်မီးကြိုးများ ရှုပ်ထွေးမှုမရှိစေရေး စနစ်တကျ စိုက်ထူသွယ်တန်းနိုင်ရေးအတွက် ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုမ္ပဏီများအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ မြို့ပြအင်္ဂါရပ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးလာစေရေး တက်ရောက်လာသူများအနေဖြင့် လိုအပ်သည်များကို အကြုံပြုဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ADS Myanmar ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက မြေပေါ်၊ မြေအောက် Fiber Common Infrastructure (Port Sharing) စီမံကိန်းအား အစိုးရ-ပုဂ္ဂလိကကဏ္ဍ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် PPP (Private Public Partnership)၏ Model တစ်ခုဖြစ်သည့် Build-Operate- Transfer(B-O-T) စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများအတွက် အကြုံပြုတင်ပြချက်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုပ်ငန်းစီမံကိန်းအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး အကြံပြုသုံးသပ်ဆွေးနွေးတင်ပြခြင်းနှင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပိုမိုကောင်းမွန်သည့် မြို့ပြစနစ်အတွက် ရှုပ်ထွေးနေသောတိုင်များနှင့် ကြိုးများအား စနစ်တကျနေရာချထား စီမံခန့်ခွဲနိုင်ရေး၊ စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)