နေပြည်တော် ဩဂုတ် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကိုကျင်းပရာ နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကိုကျင်းပရာ လယ်ဝေးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့’’ တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား/သူများအနေဖြင့် နေ့စဉ်စာဖတ်ရာ၌ သုတ/ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်က အားကိုးအားထားရသော သားကောင်း၊ သမီးကောင်း ပညာရှင်များ ပေါ်ထွန်းရေးအတွက် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း၊ စာတတ်ရုံ၊ အသိပညာ ပြည့်ဝရုံသာမကစဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝသည့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာစေရေး တာဝန်ရှိသူများနှင့် မိဘများ၊ ဆရာ/ဆရာမများက ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာ၊ အဆင့်မြင့်ပညာကျောင်းများတွင် စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းအတွက် စာအုပ်စာစောင်များ၊ ချီးမြှင့်ငွေနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ နေပြည်တော် ကောင်စီဝင်များက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။
ယင်းနောက် အမျိုးသားစာပေဆုရှင် စာရေးဆရာ မောင်စိမ်းနောင်(လယ်ဝေး)က စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း စာအုပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ စာအုပ် ဈေးရောင်းပွဲတော်၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာပေဆိုင်ရာ ဆွေးနွေးပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ လူငယ်စကားဝိုင်း ကျင်းပနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် မဲပေးသည့်စနစ်အား မဲဆန္ဒရှင်ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများအား လစ်ဟာမှုမရှိအောင် ဆောင်ရွက်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး၊ မှန်ကန်ပြည့်စုံမှုရှိသည့် ရိုးရှင်းပြီး စနစ်ကျသော မဲပေးသည့်စနစ် ဖြစ်ပါကြောင်းမှာကြားပြီး မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စုရှိ ဒို့မြန်မာအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလိမိတက်၏ အသားတိုးနွားမွေးမြူရေးခြံသို့ သွားရောက်ပြီး အသားတိုးနွား ၁၆၈ ကောင် မွေးမြူထားရှိမှုနှင့် တိရစ္ဆာန်အစာဖြစ်သည့် မွန်ဘားစား၊ နေဗီယာမြက်များနှင့် နှံစားပြောင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)