ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာအုပ်စု၌ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေးခြင်း၊ မြန်မာအီလက်ထ‌‌ရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းလက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ဟိုပုံး ဩဂုတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေးခြင်း၊ မြန်မာအီလက်ထ‌‌ရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းလက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။

ထို့နောက် ဒေသခံပြည်သူများအား အသိပညာပေးဟောပြောရာတွင်  မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းဦးက အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးသန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သော  စက္ကူ၊  ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက် ဖျန်းဆေးရည်များ၊ အိမ်သုံး ဓာတုစွန့်ပစ်ပစ္စည်းများအစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင် အမှိုက်ပုံးတွင်လည်းကောင်း စွန့်ပစ်ရမည်ဖြစ်ကြောင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း မဲရေတွက်ခြင်းအတွက် အချိန်ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များ ထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်၍ အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများလည်းမရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျောက်တန်းကျေးရွာ အုပ်စုရှိ ဒေသခံပြည်သူများက  လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ် စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)