တိုက်ကြီး ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (မြို့မ ၃)၌ ကျင်းပသည်။
ဦးစွာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံသော၊ ယဉ်ကျေးလိမ္မာ၍ အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သော၊ ပညာပြည့်ဝနှလုံးလှသော လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး အ.ထ.က(ခွဲ) (မြို့မ ၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူသင်းက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ Grade-10 ကျောင်းသူ မနန်းဆုရဝေက လူငယ်နှင့် ဗဟုသုတ၊ Grade-10 ကျောင်းသား မောင်ထက်လင်းအောင်က လူငယ်နှင့်စာရိတ္တ၊ Grade-11 ကျောင်းသူ နန်းအိန္ဒြာချမ်းမြေ့က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-11 ကျောင်းသား မောင်ထက်အာကာလင်းက လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်၊ Grade-12 ကျောင်းသူ မသန္တာဝင်းက လူငယ်နှင့် ဖုန်းသုံးစွဲခြင်း ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသစာအုပ်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)