မိုင်းဆတ် ဩဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ဝိန်းနေရပ်ကွက်ရှိ ကံ့ကော်မြိုင်ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း၊ မွန်းလွဲ ၂ နာရီက မယ်ဆွမ်မြောက်ရပ်ကွက်ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်တင်ဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးဟောပြောပြီး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် အသုံးပြုပုံ၊ အသုံးပြုနည်းများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသော ရပ်ကွက်နေပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဝိန်းဝိုင်ရပ်ကွက်နှင့် ဝိန်းနေရပ်ကွက်မှ ရပ်ကွက်နေပြည်သူ(၃၀၀)ဦး၊ မယ်ဆွမ်တောင်ရပ်ကွက်မှ ရပ်ကွက်နေပြည်သူ(၈၀)ဦး စုစုပေါင်းရပ်ကွက်နေပြည်သူ(၃၈၀)ဦး လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)