သာကေတ ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါကျပန်းစကားပြောပြိုင်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်မှာစကားပြောကြားခဲ့ပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ပြုံးက ကျေးဇူးတင်စကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က ကျပန်းစကားပြောပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာရွှေအိုးလူမခိုး၊ စာအုပ်စာပေလူ့မိတ်ဆွေ၊ ပညာရဲရင့်ပွဲလယ်တင့်၊ စာပေမြင့်မှ လူမျိုးတင့်မည်၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ လူငယ်နှင့် စာရိတ္တ၊ အားကစားဖြင့် နိုင်ငံဂုဏ်မြှင့်တင်မည် စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ဂိမ်းကစားနည်းပြိုင်ပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများမှ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေစင် (ပြန်/ဆက်)