တိုက်ကြီးမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရထောက်ပံ့ပေးခြင်း ဆောင်ရွက်

တိုက်ကြီး ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ အာဟာရရက်သတ္တပတ်အခမ်းအနားအဖြစ် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ကိုယ်ဝန်ဆောင်များအနေဖြင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက မွေးဖွားလာမည့် ရင်သွေးငယ်အတွက်ပါ အာဟာရပြည့်ဝစေရေး၊ သွေးအားကောင်းစေပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစာအာဟာရရွေးချယ်စားသောက်ရေး စသည့်ကျန်းမာရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းယုမေနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား တစ်ဦးလျှင် ငှက်ပျောသီး ၁ ဖီး၊ ကြက်ဥ ၁၀ လုံး၊ အိုင်အိုဒင်းဆား ၁ ထုပ် ထောက်ပံ့ခြင်း၊ ငါးနှစ်အောက်ကလေးငယ်အား တစ်ဦးလျှင် ပဲနို့တစ်ကတ်နှင့် မုန့်များစသည့် အာဟာရများ ထောက်ပံ့ပေးခြင်းနှင့် ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)