ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းမုန့်စျေးတန်း စစ်ဆေးခြင်းများဆောင်ရွက်

ချမ်းအေးသာစံ သြဂုတ် ၂၀

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းမုန့်စျေးတန်းများ စစ်ဆေးခြင်းလုပ်ငန်းများကို သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကျောင်းမုန့်စျေးတန်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှတ်( ၁၄)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များအား FDA ရှိ/မရှိ၊ သက်တမ်းကုန်ဆုံးနေသော မုန့်များရှိ/မရှိ၊ ဓာတုဆိုးဆေးမုန့်များမရောင်းစေရန်၊ စနစ်တကျ သန့်ရှင်းစွာ ရောင်းစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်စေရန်နှင့် အာဟာရဖြစ်စေသည့် မုန့်များရောင်းချစေရန် စသည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းကျန်းမာရေးလှုပ်ရှားမှုလုပ်ငန်းများ၊ ကျောင်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးများ၊ ဗီတာမင်အေတိုက်ကျွေးခြင်း၊ သန်ချဆေးများတိုက်ကျွေးခြင်း၊ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလှုပ်ရှားမှုများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်