မြစ်သား သြဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာ၌ တစ်နိုင်တစ်ပိုင် အာလူးကြော်လုပ်ငန်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလျက်ရှိကြောင်း သိရသည်။
အာလူးကြော်ပြုလုပ်ရန်အတွက် အဆင့်ဆင့်မှာ ရွှေဝါရောင်အာလူးများကို စျေးကွက်အတွင်းမှ ရွေးချယ်ဝယ်ယူရကြောင်း အာလူးသီးများကို သန့်စင်အောင် ရေဖြင့်ဆေးကြောပြီး မိနစ်အနည်းငယ် ရေစိမ်ပေးထားရသည်။ ထို့နောက် ရေစိမ်ထားပြီးသောအာလူး သီးများကိုအခွံခွာ၍ ညီညာအောင်စက်ဖြင့် ပါးပါးလေး လှီးဖြတ်ပေးရကြောင်း၊
အာလူးများကို ရေသန့်စင် အောင်ဆေးကြောပြီး ရေစစ်ပေးထားကာခဏအကြာတွင် ပဲဆီသန့်သန့် အသင့်တည်ပေးထားသော ဒယ်အိုးထဲတွင် အာလူးပါးပါးများကို ကြော်ပေးရကြောင်း၊ အာလူးကြော်များတွင် ပါဝင်သည့် ဆား၊ အချိုမှုန့် အနည်းငယ် ထည့်ပေးပြီး အာလူးအစပ်ကြော်နှင့် အာလူးအချိုကြော် နှစ်မျိုးနှစ်စားရှိရာ တစ်နေ့လျှင် အာလူးသီး (၆၀) ပိဿာကုန်ကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများနှင့် ကျေးရွာများတွင် အာလူးကြော်များကို ဖောက်သည်အဖြစ် လိုက်လံရောင်းပေးလျက်ရှိရာ တစ်ထုပ်လျှင် (၂၀၀) ကျပ် (၁၀) ထုပ်ပါ တစ်တွဲ (၁၈၀၀) ကျပ်ဖြစ်ပြီး တစ်ထုပ်လျှင် (၅၀၀) ကျပ် (၁၀) ထုပ်ပါတစ်တွဲလျှင် (၄၇၀၀)ကျပ်၊ တစ်ထုပ်လျှင် (၁၀၀၀) ကျပ် (၁၀) ထုပ်ပါတစ်တွဲလျှင် (၉၃၀၀) ကျပ်၊ တစ်ထုပ်လျှင် (၁၅၀၀) ကျပ် (၁၀) ထုပ်ပါတစ်တွဲလျှင် (၁၄၀၀၀) ကျပ်ဖြင့် ဖောက်သည်သွင်းရ၍ ယခုနှစ်တွင် အာလူးကြော်လုပ်ငန်းကို ပိုမိုတွင်ကျယ်စွာ တစ်နိုင်တစ်ပိုင်မိသားစု ဝင်ငွေများတိုးပွားအောင် လုပ်ကိုင်လျက်ရှိကြောင်း ကျန်တောကျေးရွာနေ အာလူးကြော်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဝါဝါထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)