ညောင်ဦးမြို့နယ်၌ ထန်းတောင်သူများ ထန်းလျှက်ဈေးတက်လာပြီး တစ်ပိဿာ ၆၀၀၀ ကျပ် ရောင်းချနေရ

ညောင်ဦး ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ထန်းတောင်သူများ ထန်းလျှက် တစ်ပိဿာ  ၆၀၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းချနေရပြီး ထန်းတောင်သူလုပ်ငန်း ပြန်လည်လုပ်ကိုင်မှု မနှစ်ကထက်ပိုများခဲ့ကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ဆင်သားမွေးကျေးရွာ တောင်ထန်းသူ ဦးကျော်စိုးကပြောကြားခဲ့သည်။

ညောင်ဦးမြို့နယ်တွင် ထန်းတက်လုပ်ငန်း လုပ်ကိုင်သည့် ထန်းတောင်သူ အများအပြား လုပ်ကိုင်ခဲ့ရာမှ  လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ထန်းတက်လုပ်ငန်း လုပ်ကိုင်သူနည်းပါးလာခဲ့ကြောင်း၊ ထန်းလျှက်ဈေးနှုန်း ကျဆင်းခြင်းနှင့်အတူ ပြည်ပသို့ ထွက်ကာ အလုပ်လုပ်ကိုင်သူ များပြားခဲ့ပြီး ထန်းတက်လုပ်ငန်းလုပ်ကိုင်သူနည်းပါးခဲ့ခြင်းဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်တွင် ထန်းပင်၊ ထန်းတော အလွန်ပေါများသည့် ဒေသဖြစ်ကာ ကျေးလက်တောင်သူများ ထန်းလုပ်ငန်းအား လူတိုင်းလုပ်ကိုင်ခဲ့သည့် အခြေအနေမှ ထန်းတောင်သူ လုပ်ငန်းနည်းပါးသွားခဲ့ခြင်းဖြစ်ကြောင်း ထန်းတောင်သူများက ပြောကြားခဲ့သည်။ ထန်းတောင်သူလုပ်ငန်း လုပ်ကိုင်ရာတွင် ထန်းရာသီ မစတင်မီ အချိန်ကပင် ထန်းဆွဲမြူအိုး၊ ထန်းဆွဲမြူအိုးကြိုး၊ ယင်းတောင်၊ ယင်းဆွဲ၊ ထန်းလှီးအိမ်၊ ထန်းလှီးဓား၊ ထန်းလျှက်ချက်ရန် မိုးဗြဲဒယ်၊ ထန်းလျှက်ဖို၊ ထန်းလျှက်ချက်ဖိုပြုလုပ်ရန်၊ မြေနီမြေစေး၊ ထန်းလျှက်ချက် လောင်စာဖြစ်သည့် ထန်းဖတ်၊ ထန်းလက်နှင့် ပဲစင်းငုံရိုးများအား ကြိုတင်စုဆောင်းထားကြရကြောင်း ထန်းလျှက်စတင်ပေါ်ချိန်က တစ်ပိဿာ ၇၀၀၀ ကျပ်ထိ ရောင်းချခဲ့ရပြီး ထန်းလျှက်လှိုင်လှိုင်ပေါ်ချိန် ထန်းလျှက်တစ်ပိဿာ ၅၀၀၀ ကျပ်ရောင်းချရကြောင်း၊ ထန်းလျှက်တစ်ပိဿာ ၅၀၀၀ ကျပ်သည် ထန်းတောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ပြီး ညောင်ဦးမြို့နယ်၌ ထန်းတောင်သူများ  ဇူလိုင်လမှ စတင်ကာ ထန်းလျှက် ၁ ပိဿာ ၆၀၀၀ ကျပ်ရောင်းချနေရကြောင်း သိရသည်။

ဒီပါလင်း