ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒဂုံဆိပ်ကမ်း ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေရုံးမှ ဥပဒအရာရှိ ဒေါ်အေးပပခိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းအရာများ၊ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူမှုဝန်ထမ်းရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ချောစုဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ရှင်သန်ခြင်း၊ ဖွံ့ဖြိုးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ပါဝင်ဆောင်ရွက်နိုင်ခြင်းတို့မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများက မေးခွန်းများမေးမြန်းကြရာ ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပစ္စည်များအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)