ရန်ကုန် ဩဂုတ် ၂၀
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခချုပ်နှင့် ဆေးရုံအုပ်ကြီးများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ပြည်သူအားလုံးဘဝတစ်လျှောက်လုံး အာဟာရပြည့်ဝမျှတအောင် နေထိုင်စားသောက်ပြီး အနာရောဂါကင်းရှင်းရန်၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် မိခင်နှင့်ကလေးသေနှုန်းများ ကျဆင်းစေရန်၊ အာဟာရပြည့်ဝပြီး ကာယနှင့်ဉာဏဖွံ့ဖြိုးသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်၊ ကလေးများ၏ အနာဂတ်တွင် ကျန်းမာဖွံ့ဖြိုးသာယာစေရန်အတွက် အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို “ကလေးများ အနာဂတ်လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို” ဆောင်ပုဒ်နှင့်အညီ မိခင်နို့တိုက်ကျွေးခြင်းမှ အစပြုပြီး အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်းလုပ်ငန်းများ ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင်ပြီး အားလုံးပူးပေါင်းရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးကြရန် စသည်တို့ကို ပြောကြားသည်။
ထို့နောက် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် “ကိုယ်ဝန်ဆောင်ကာလ အာဟာရပြည့်ပြည့်ဝဝစားကြစို့” ဗီဒီယိုအား ပြသသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ အာဟာရပြည့်ဝတန်ဖိုးမျှ ချက်ပြုတ်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး အသက်(၅)နှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးတိုက်ကျွေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဆက်လက်၍ ကိုယ်ဝန်ဆောင် မိခင်နှင့်နို့တိုက်မိခင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)