မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအားဖူးမြော်ကြည်ညို

 ညောင်ဦး  ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ အာနန္ဒာဘုရားကြီး၊ ထီလိုမင်းလိုဂူဘုရားကြီးနှင့် ရွှေစည်းခုံစေတီတော်သို့သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများလှူဒါန်းသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ရှေးဟောင်းယဉ်ကျေးမှုနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)နှင့် ဂေါပကအဖွဲ့များမှ  တာဝန်ရှိသူများက အာနန္ဒာဘုရားကြီး အနောက်ဘက် မဟာရံတံတိုင်းအပြင်ဘက်အနီးတွင် ရှေးဟောင်းရေစစ်ကန်ငယ်တူးဖော်တွေ့ရှိမှု၊ မြောက်ဘက်မဟာရံတံတိုင်းအပြင်ဘက်အနီးတွင် ရှေးဟောင်းအုတ်ရိုးတန်းတူးဖော်တွေ့ရှိမှု၊  အာနန္ဒာဘုရားကြီး၊ ထီလိုမင်းလိုဂူဘုရားကြီးနှင့် ရွှေစည်းခုံစေတီတော်တို့တွင် ကဏ္ဍအလိုက်ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကိုရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘုရားဖူးလာပြည်သူများ စိတ်ချမ်းမြေ့စေရေး၊ ဘုရားပရိဝုဏ်အတွင်းအပြင် အစဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရန် အလေးထားကာ ဝိုင်းဝန်းပူးပေါင်း ကြပ်မတ်ဆောင်ရွက်သွားကြရန်မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ဦးမြို့နယ် မြေနဲလေးကျေးရွာတွင်ကျင်းပသည့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)ပေးအပ်ခြင်းနှင့် မိုးစပါးစိုက်ပျိုး ပြသခြင်း အခမ်းအနားသို့ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများထံ လက်ဆွဲမျိုးစေ့ချ ကိရိယာ (Drum Seeder)များ၊ သီးနှံမျိုးစေ့များ၊ ယူရီးယားမြေဩဇာများကို ပေးအပ်ပြီးနောက် လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသနေမှု၊ ကျောက်ကူးမြစ်ရေတင်လုပ်ငန်းမှ မိုးစပါးစိုက်ကွင်းများအတွင်းသို့ စိုက်ပျိုးရေသွင်းနေမှုနှင့်တောင်သူများက မြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ရှေ့ကျေးရွာရှိ ဆီထွက်သီးနှံအထူးဇုန် မိုးမြေပဲစိုက်ခင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ဆင်တိုင်းကန်ကျေးရွာအုပ်စု၊ ကြံစို့ကျေးရွာရှိ ပဲစဉ်းငုံပန်းတိုင် အထွက်နှုန်းရရှိရေး  တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာတွင် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)ပေးအပ်ခြင်းနှင့် မိုးစပါးစိုက်ပျိုးပြသခြင်းအခမ်းအနားသို့ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်သူများထံ လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များ၊ သီးနှံမျိုးစေ့များ၊ ယူရီးယားမြေဩဇာများကို ပေးအပ်ပြီးနောက် လက်ဆွဲမျိုးစေ့ချ ကိရိယာ ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အခမ်းအနားမျာတွင် တောင်သူများနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများအား စားရေ ရိက္ခာ ဖူလုံရေး၊ စပါးသီးနှံနှင့် ဆီထွက်သီးနှံအပါအဝင် အဓိကသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း တို့ကို ဟန်ချက်ညီစွာ ဆောင်ရွက်သွားရေး၊ သီးနှံအလိုက်သတ်မှတ်ကောက်ကွက်၊ ပျိုးပင်ဦးရေ ပြည့်မီအောင်အဘက်ဘက်မှကြံဆလုပ်ကိုင်ဆောင်ရွက်သွားရေး၊ လက်ဆွဲမျိုးစေ့ချကိရိယာများကို တွင်ကျယ်စွာအသုံးပြုသွားရေးတို့ကိုပြောကြားပြီး သက်ဆိုင်ရာဌာနများနှင့်တောင်သူများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒီပါလင်း