ညောင်ဦး ဩဂုတ် ၁၉
မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ China Foundation for Peace and Development နှင့် မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းတို့ ပူးပေါင်း၍ မန္တလေးတိုင်း ဒေသကြီးအတွက် အမေရိကန်ဒေါ်လာ ၈၂၀၀၀ ခန့်တန်ဖိုးရှိ ဆိုလာမီးတိုင် အစုံ(၃၀၀) လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ပရိဝုဏ်အပြင်ဘက် ချူအင်လိုင်းတန်စောင်း အခမဲ့တည်းခိုဆောင်အမှတ်(၃)တွင်ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Pingနှင့် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ China Foundation for Peace and Development နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းနှင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ဆိုလာမီးတိုင်များ လှူဒါန်းတပ်ဆင်မှုမှတ်တမ်း ဗီဒီယိုကို ပြသပြီးနောက် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် Ms. Gao Ping က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးကို ဘက်စုံမဟာ ဗျူဟာမြောက် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတည်ထောင်ခြင်း (၇၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီးအတွက် လှူဒါန်းသည့် ဆိုလာ မီးတိုင်များကို ညောင်ဦးမြို့နယ်နှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် အစုံ(၁၅၀)၊ မိတ္ထီလာမြို့နယ်တွင် အစုံ(၁၀၀)နှင့် ပြင်ဦးလွင်မြို့နယ်တွင် အစုံ(၅၀)အား တပ်ဆင်ပြီးဖြစ် ပါကြောင်း၊ ယခုလိုလှူဒါန်းမှုများသည် နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုတွင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတည်တံ့ခိုင်မြဲစေပြီး ဒေသဖွံ့ဖြိုးရေးတွင် များစွာအထောက်အကူဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ Mr.Li Bo Bo က မန္တလေးမြို့အခြေစိုက်တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ China Foundation for Peace and Development နှင့် မြန်မာတရုတ် ပူးပေါင်းဆက်ဆံရေးအသင်းတို့ ပူးပေါင်း၍ လှူဒါန်းရခြင်းအကြောင်း ဗီဒီယိုမက်ဆေ့ကို ပြသပြီးနောက် အသင်းနှင့် ပတ်သက်၍ မိတ်ဆက် ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုလာမီးတိုင်များ လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီးနောက် ညောင်ဦး ခရိုင်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း