ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးအစီအစဉ်အရ သွားကျန်းမာရေးစစ်ဆေးကုသပေး

ကျိုက်ထို ဩဂုတ် ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးအစီအစဉ်အရ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကို စစ်ဆေးကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း (ရွှေဥဩ)၌ သွားကျန်းမာရေးနှင့်ပတ်သက်၍ စစ်ဆေးကုသပေးခဲ့သည်။

ယင်းသို့ စစ်ဆေးကုသပေးရာတွင် အခြေခံပညာအထက်တန်းကျောင်း (ရွှေဥဩ)အား စုရပ်အဖြစ်သတ်မှတ်၍ ဖက္ကလိပ်ကျေးရွာအတွင်းရှိ အထက(ရွှေဥဩ)၊ အမက(ဖက္ကလိပ်)၊ အမက(ကျားတဲ)ကျောင်းများတွင် ပညာသင်ကြား‌နေသည့် ကျောင်းသား၊ ကျောင်းသူများအား သွားကျန်းမာရေးနှင့်ပတ်သက်၍ စစ်ဆေးကုသပေးခဲ့ကြသည်။

လာရောက်စစ်ဆေးကုသသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြည်သူ့ဆေးရုံမှ သွားဆရာဝန် ဒေါက်တာရွှန်းလဝန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ (၉၈)ဦးတို့အား သွားကျန်းမာရေးနှင့်ပတ်သက်၍ စစ်ဆေးပေးပြီး သွားနှုတ်ပေးခြင်း၊ သွားဖာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမောင် (ကျိုက်ထို)