ကျိုက်ထိုမြို့နယ် အ.မ.က ဖက္ကလိပ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

ကျိုက်ထို ဩဂုတ် ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် (၁၉)ရက် နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ဖက္ကလိပ်ကျေးရွာရှိ အ.မ.က ဖက္ကလိပ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးကြည်မင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးနှင့် မူးယစ်‌ဆေးဝါးအန္တရာယ် အသိပညာပေးမှုများကို ဟော‌ပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့်၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်‌ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)