မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မုဒုံ သြဂုတ် ၁၉

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က အခြေခံပညာမူလတန်း​ကျောင်း(မှိန်ဂနိမ်း)၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မုဒုံမြို့နယ် ပညာရေးမှူးရုံးမှလက်ထောက်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က အမှာစကားပြောကြားပြီး မုဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများဖြစ်သည့် ရုပ်ပြ၊ ကာတွန်း စသည့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် အကျိုးအကြောင်း အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် စာပေများကို ဖတ်ရှုလေ့လာကြရန် ပြောကြားသည်။ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံက စားသုံးသူကာကွယ်ရေးအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်ပိုစတာများ ပြသဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)