မော်လမြိုင် ဩဂုတ် ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်ပိုင်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE) (MEVM) အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးလေ့လာခြင်း အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခဲ့ကြပြီး မဲပေးမှုနှင့်ပတ်သက်ပြီး သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဖြင့် မဲပေးရာတွင် လွယ်ကူရှင်းလင်းစွာမဲပေးနိုင်ခြင်း၊ မဲရလဒ်များသည် မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲမရှိခြင်း၊ မဲမသမာမှုမပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)