ကျောက်ဆည် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ၂၀၂၆ ခုနှစ် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကောင်းမြတ်နိုင်က ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ကို အမှိုက်ကင်းစင်သော လူမှုပတ်ဝန်းကျင်ဖြစ်ရန် ကြိုးစားအကောင်အထည် ဖော်ဆောင်ရန်လိုအပ်ကြောင်း၊ ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်သည့်အတွက် အနာဂတ်တွင်ခေါင်းဆောင်များဖြစ်လာမည့် ကျောင်းသားလူငယ်များကို အမှိုက်များခွဲခြား၍ စနစ်တကျစွန့်ပစ်ခြင်း အပါအဝင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ရင်းနှီးကျွမ်းဝင်စေရေး ပြုစုပျိုးထောင်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ၏ မျှော်မှန်းချက်၊ ပန်းတိုင်၊ ရည်ရွယ်ချက်များအကြောင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အခြေခံစံနှုန်းနှင့်အညွှန်းကိန်းများအကြောင်း၊ ရရှိလာမည့်အကျိုးကျေးဇူးများ၊ ဆုရွေးချယ်ခြင်းနှင့်ဆုချီးမြှင့်ရေးဆိုင်ရာများ အား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က အခြေခံပညာ ဦးစီးဌာနအနေဖြင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှညွှန်ကြားရေးမှူးက ခရိုင်ပညာရေးမှူးထံသို့ ပတ်ဝန်းကျင်ဆိုင်ရာ ဆရာကိုင်လက်စွဲစာအုပ်များ ပေးအပ်သည်။
ကျောက်ဆည်ခရိုင်၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများအနေဖြင့် ကျောက်ဆည်မြို့နယ်မှ အ.လ.က(အရှေ့ငယ်တိုး)၊ အ.မ.က(၁၅)၊ စဉ့်ကိုင်မြို့နယ်မှ အ.ထ.က(စဉ့်ကိုင်)၊ အ.မ.က(ဒေါင်းကျ)၊ မြစ်သားမြို့နယ်မှ အ.ထ.က(မြစ်သား)၊ အ.လ.က(ရေဝန်း) ကျောင်းများ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)