စစ်တွေ ဩဂုတ် ၁၉
စစ်တွေတက္ကသိုလ်၌ကျင်းပသည့် ကျောင်းသား၊ကျောင်းသူများ၏ဗလငါးတန်မြှင့်တင်ရေး လူငယ် စကားဝိုင်းကို ယနေ့ မွန်းလွဲပိုင်းက စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
လူငယ်စကားဝိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အခမ်းအနားသည် လူငယ်များနှင့် ယုံကြည်ချက်၊ ခံယူချက်၊ လူငယ်များ၏ အမြင်များကို ဖော်ထုတ်ပြသသည့် ပွဲလည်ဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်လောင်းများ ဖြစ်သည်နှင့်အညီ လူငယ်များ၏ ခံယူချက်၊ သဘောထား များသည်လည်း အနာဂတ် နိုင်ငံတော်တည်ဆောက်ရေးတွင် အလွန်အရေးပါလှကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ လူငယ်များ ထူးချွန်ထက်မြက်ရန်၊ ပညာရေးတိုး တက်ကောင်းမွန်ရန်အတွက် ဘက်စုံပညာရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘက်စုံပညာရေးဆိုသည်မှာ လူတစ်ဦးချင်းမှ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာများ ကျွမ်းကျင်တတ်မြောက်နေရုံသာမက Personal skill ဆိုသည့် ပင်ကို အရည်အသွေးများ၊ ကိုယ်ရည်ကိုယ်သွေးများကို ဘက်စုံမြှင့်တင် ပေးခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်ရပ်ဝန်းမှာ စာပေသင်ယူမှုသာမက အားကစား၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာ၊ ကြက်ခြေနီစသော အသင်းအဖွဲ့များဖွဲ့စည်းပြီး ဘာသာရပ်အလိုက်၊ ကျောင်းအလိုက်လှုပ်ရှား စေခြင်းကလည်း ဗလငါးတန်ဖွံ့ဖြိုးစေနိုင်ကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုး ခြင်းကလည်း ငြိမ်းချမ်း သာယာသော လူ့အဖွဲ့အစည်းအတွက် အခြေခံကျသော လိုအပ်ချက်ဖြစ် ကြောင်း၊ ထို့ကြောင့် လူငယ်များ အနေဖြင့် အရာရာကို အကောင်းမြင်တတ်ရန်၊ စိတ်ကောင်းရှိရန်၊ သည်းခံတတ်ရန်၊ ကိုယ်ချင်းစာစိတ် ရှိစေရန်စသည့် ကောင်းမြတ်သော စိတ်ထားများကို ယခုလူငယ်စကားဝိုင်းက လူငယ်များဆွေးနွေး တင်ပြမည့် အကောင်းအရာကတစ်ဆင့် မှတ်သား ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုသည့်စကားအတိုင်း အနာဂတ် နိုင်ငံတော်ကြီးကို ပုံဖော်ထုဆစ်ရမည့် လူငယ်များအနေဖြင့် ယခုစကားဝိုင်းမှတစ်ဆင့် ပိုမို၍အသိ အမြင်ဗဟုသုတများ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားပြီး တိုင်းပြည်နှင့်လူမျိုး အပေါ်မြှင့်တင် ပေးနိုင်သည့် ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် သူများ ဖြစ်ကြပါစေကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေတက္ကသိုလ် စာကြည့်တိုက် အတွက် စာအုပ်စာပေများကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်လာရန် စာပေလေ့လာဖတ်ရှုကြရန်၊ ယဉ်ကျေးမှုအမွေ အနှစ်များကို ထိန်းသိမ်းကြရန်နှင့် ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာကြရန်စသည့်ဖြင့် ပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက စစ်တွေတက္ကသိုလ်အတွက် အားကစားပစ္စည်း များကို ပေးအပ်သည်။
ယင်းနောက် စစ်တွေတက္ကသိုလ် အနုပညာအသင်းမှ “ဤသည်ရခိုင်သား ဤကားရခိုင်မြေ” သီချင်း၊ “ရခိုင်တို့မြေလာခဲ့ပါ” သီချင်းတို့ဖြင့်ကပြဖျော်ဖြေကြသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် စစ်တွေတက္ကသိုလ်၊ မြန်မာစာဌာနမှ နည်းပြ ဒေါ်စုလှိုင်ဝင်းက ဆောင်ရွက်ပြီး မြန်မာစာအထူးပြု မဟာဝဇ္ဇာတန်းကျောင်းသူ မဖြိုးဝေလှိုင်၊ ရူပဗေဒအထူးပြု စတုတ္ထနှစ်ကျောင်းသား မောင်ရဲဝင်းနိုင်၊ သင်္ချာအထူးပြု၊ တတိယနှစ်ကျောင်းသူ မအေးအေးသွယ်၊ ဓာတုဗေဒအထူးပြု စတုတ္ထနှစ်အဝေးသင် ကျောင်းသား မောင်သန့်စိုး၊ စိတ်ပညာအထူးပြု မဟာစိဇ္ဇာအရည်အချင်းစစ် သင်တန်းကျောင်းသူ မခင်စန္ဒာစိုးနှင့် ဥပဒေပညာအထူးပြု ပထမနှစ်မဟာဥပဒေကျောင်းသား မောင်ခိုင်ရဲမင်းတို့က ကျောင်းသား၊ ကျောင်းသူများ၏ ဗလငါးတန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသော စစ်တွေတက္ကသိုလ် အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူ များနှင့် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ် ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်တက္ကသိုလ်ရင်ပြင်၌ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့က တည်ခင်းဧည့်ခံသော လဘက်ရည်ဝိုင်းအား အတူတကွသုံးဆောင်ကြကာ ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)