မဟာအောင်မြေ ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အလင်းတန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာနှင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
ဟောပြောပွဲတွင် အလင်းတန်းကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါ်မြင့်မြင့်ဌေးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ဟောပြောပွဲရည်ရွယ်ချက်များနှင့် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ဟောပြော သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးရှီးမွန်က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းနုအေးက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး လန်ချန်း - မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုမှတ်တမ်း(၂)ခုကို ပြသသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း