ချောင်းဆုံ ဩဂုတ် ၁၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသာလူငယ်များ စာပေများလေ့လာဖတ်ရှု၍ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကွမ်သဲကျေးရွာ ပညာအလင်းရောင် စာကြည့်တိုက်နှင့် ကွမ်သဲ(အ.ထ.က)ကျောင်းစာကြည့်တိုက်တို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများက ကွမ်သဲကျေးရွာ ပညာအလင်းရောင်စာကြည့်တိုက်အတွင်း စာပေလေ့လာဖတ်ရှုနေသူများ၊ စာကြည့်တိုက်ကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စာကြည့်တိုက်လည်ပတ်နေမှုအခြေအနေများနှင့် ကျေးရွာစာကြည့်တိုက်အတွင်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မွန်ပြည်နယ်စာကြည့်တိုက်များ ဖောင်းဒေရှင်းမှ လှူဒါန်းသော စာအုပ်စာစောင်များအား ပြည်နယ်ဝန်ကြီးချုပ်မှ ကျေးရွာစာကြည့်တိုက်ဥက္ကဋ္ဌအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများက ကွမ်သဲ (အ.ထ.က) ကျောင်းစာကြည့်တိုက်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ဆောင်ရွက်နေသည့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးကာ ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ထူးချွန်သော လူတော်လူကောင်းများ ပေါ်ထွန်းစေရေးဆုံးမစကားများ ပြောကြားခြင်းနှင့် ကျောင်းအတွင်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကျော်