ကွမ်းခြံကုန်း ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ အောင်နိုင်တိုးစပါးမျိုးသစ်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကမာပါကျေးရွာအုပ်စု၊ ကွင်းအမှတ် ၃၇၁ ရှိ တောင်သူ ဦးဝင်းကြည်၏ လယ်မြေ ၅ ဧကတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကြည်စိန်က မြို့နယ်အတွင်း အောင်နိုင်တိုးစပါးမျိုးသစ်၏ ထူးခြားသောလက္ခဏာမှာ အထွက်ကောင်းခြင်း၊ စားသုံးမှုကောင်းခြင်း၊ ဆန်သားကြည်၍ ဆန်လုံးရှည်လျားခြင်း၊ ဂုတ်ကျိုးရောဂါဒဏ်ခံနိုင်ခြင်း၊ ဖြုတ်ညိုပိုးဒဏ်ခံနိုင်ခြင်း၊ မြေဩဇာတုံ့ပြန်မှုကောင်းခြင်းနှင့် အောင်နိုင်တိုးစပါးမျိုးသစ်သည် အလားအလာကောင်းသော ပြည်တွင်းထုတ်လုပ်သည့် စပါးမျိုးသစ်ဖြစ်သောကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးလာနိုင်ရေး၊ စပါးမျိုးသစ်များ ထုတ်လုပ်မှုကဏ္ဍတွင် တောင်သူများကိုယ်တိုင်ပါဝင်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကြည်စိန်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၅၀) ဦးက အောင်နိုင်တိုး စပါးမျိုးသစ်စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)