ကချင်ပြည်နယ်ဝန်ကြီးချုပ် VOHBIK (ဗိုဟ်ဗစ်)ကလေးများဂေဟာနှင့် မနောသုခဘုန်းတော်ကျောင်းရှိ ကျောင်းသားကလေးငယ်များအတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်

မြစ်ကြီးနား သြဂုတ် ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိဘကလေးဂေဟာများ၊ ဘုန်းတော်ကြီးသင်ကျောင်းများရှိ ကျောင်းသားကလေးငယ်များ နေထိုင်စားသောက်မှုအဆင် ပြေစေရေးနှင့် ပညာသင်ကြားမှု ချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့နယ် ပလန-၂ ကံ့ကော်မြိုင်ကျေးရွာအတွင်းရှိ VOHBIK ကလေးများဂေဟာနှင့် မနောသုခဘုန်းတော်ကြီးကျောင်းတို့အား သွားရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမျိုးမင်းသိန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ပလန(၂) ကံ့ကော်မြိုင်ကျေးရွာအတွင်းရှိ VOHBIK ကလေးများဂေဟာသို့ သွားရောက်ပြီး ဂေဟာတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကလေးငယ်များနှင့် တွေ့ဆုံသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်း နာယက ဒေါ်နန်ဆိုင်းတို့က ကျောင်းသား/ ကျောင်းသူများ အတွက် ဆန် (၂၄)ပြည်ပါအိတ် ၅၀ အိတ်၊ ဆီပိဿာ ၅၀ ၊ ကြက်ဥအလုံး (၅၀၀)တို့နှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင် (၁၇၁)ဒါဇင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကလေးသူငယ်များကိုယ် ဂေဟာတာဝန်ခံကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကလေးငယ်များက စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအတွက် ချီးမွမ်းသီချင်းသီဆို၍ ဆုတောင်းဆက်ကပ်ပေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကာလအတွင်း မိဘမဲ့ကလေးဂေဟာများ၌ ကျောင်းသားများ အဆင်ပြေစွာ နေထိုင်နိုင်ရေးနှင့် ပညာကိုအေးချမ်းစွာသင်ကြားနိုင်ရေးအတွက် ယခုလို တတ်နိုင်သလောက် လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း အားပေးပြောကြားခဲ့ကာ ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျေးရွာအတွင်းရှိ မဇ္စျိမလာဘထိုင်တော်မူ ဘုရားကြီးဝင်းအတွင်းရှိ မနောသုခဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းနာယက ဒေါ်နန်ဆိုင်းတို့က ဘုန်းတော်သင်ပညာရေးကျောင်းမှ ကျောင်းသား/ ကျောင်းသူများအတွက် ဆန် (၂၄)ပါ အိတ် (၃၀)အိတ်၊ ဆီပိဿာ ၃၀ ၊ ကြက်ဥ အလုံး ၃၀၀၊ ဗလာစာအုပ်ဒါဇင် (၁၆၁)ဒါဇင်တို့ကို ဘုန်းတော်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ကျောင်းသူများအား အားပေးအမှာစကားပြောကြားခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)