မြစ်ကြီးနား သြဂုတ် ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် သယံဇာတရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက ဝိုင်းမော်မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် ဆောင်ရွက်ရမည့်လုပ်ငန်းများအလိုက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်များ ချမှတ်ထားရှိနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ယခုလိုတွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ဝိုင်းမော်မြို့သည် စိုက်ပျိုးမွေးမြူရေးအပြင်သဘာဝအရင်းအမြစ်များကို အခြေခံသည့် အခြားလုပ်ငန်းများ ဆောင်ရွက်ကြသည့်အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့်အတွက် အရှိန်အဟုန်ဖြင့် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံများနှင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ပြည်နယ်၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားတက်သရော ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဝိုင်းမော်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့သည့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းစီမံချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများကိုယ်စား မြို့နယ် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် ဦးကြည်ထွန်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးက သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)