လသာ သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယမန်နေ့က လသာမြို့နယ် အမှတ်(၁)ရပ်ကွက် မူကြို(၆)ရှိ မြေညီထပ်ခန်းမ၌ ကျင်းပခဲ့ကြသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းက ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်အိအိခင်တို့က MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသပေးကြပြီး တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၅၅၃) ဦးခန့်တို့က စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှု၌ စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များပေးခဲ့ကြကြောင်း သိရသည်။
နေလင်း (ပြန်/ဆက်)