နောင်တရားမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

နောင်တရား  ဩဂုတ်လ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြည်သူကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုတွင် နောင်တရားတိုက်နယ်ဆရာဝန် ဒေါက်တာဆုယဉ်တြာက လူငယ်နှင့် စိတ်ကြွမူးယစ်ဆေးအန္တရာယ်အကြောင်းနှင့် ဆေးလိပ် ဆေးရွက်ကြီး၊ အီးစီးကရက်(Vape) အကြောင်းကို ကျန်းမာရေးအသိပညာပေးဟောပြောသည်။ ကျန်းမာရေးဝန်ထမ်းများက မူလတန်းကျောင်းသားကျောင်းသူ (၆၈၉) ဦးကို ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ အရပ်တိုင်းခြင်းနှင့် ကျောင်းကျန်းမာရေးမှတ်တမ်းကဒ်ပြားတွင် ဖြည့်သွင်းခြင်းကို လည်းကောင်း၊ အပျိုဖော်ဝင်ကျောင်းသူ (၉၂၄) ဦးကို Furamin B.C ဆေးများ ဖြန့်ဝေခြင်း၊ ကျောင်းသားကျောင်းများ၏ သွားနှင့်ခံတွင်းကိုစစ်ဆေးပေးခြင်းနှင့် သွားတိုက်နည်းစနစ်များကို လက်တွေ့သင်ကြားပေးခြင်း၊ သာမန်ဖျားနာနေသော ကျောင်းသား ကျောင်းသူ (၂၀) ဦးကို ဆေးကုသမှုပေးခြင်းစသည့် ကျန်းမာရေးဆောင့်ရှောက်မှုကို ဆောင်ရွက်ပေးသည်။

ထိုနောက့် ကျောင်းသာမိဘအလှူရှင်တစ်ဦးမှ KG ကျောင်းသားကျောင်းသူ (၆၇) ဦးအား အာဟာရမျှတစွာ စားသုံးနိုင်ရန်အတွက် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို တိုက်နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကြည့်ရူအားပေးပြီး ကျောင်းဝန်းအတွင်း ရောင်းချနေသည့် ကျောင်းဈေးတန်းမုန့်ဆိုင်များကို ကျန်းမာရေးနှင့်ညီညွတ်စွာရောက်ချခြင်းရှိမရှိ စစ်ဆေးခြင်း၊ ယင်လုံအိမ်သာ၊ အမှိုက်စွန့်ပစ်မှုစနစ်နှင့် သောက်သုံရေများစစ်ဆေးပေးခြင်း၊ ရေလှောင်ကန်၊ ရေစည်များအတွင်း အဘိတ်ဆေးခတ်ထည့်ပေးခြင်းကို ဆောင်ရွက်ပေးသည်။

အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုကို နောင်တရားတိုက်နယ်ဆေးရုံမှ ဆရာဝန်မကြီးနှင့် ဝန်ထမ်း၊ နောင်တရား ကျေးလက်ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ နောင်တရားမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ကျောင်းသားမိဘများဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)