ကော့မှူး ဩဂုတ် ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်-ပတုပ်) ကျောင်း၌ အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မူလွန်(ပတုပ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းရီက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကိုကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်း၊ အလိမ္မာစာမှာရှိ စာအုပ်စာပေလူမိတ်ဆွေဆိုသည့်အတိုင်း စာအုပ်စာပေများ ချစ်မြတ်နိုးတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့လာရောက်ရန်၊ ငယ်ရွယ်စဉ်ကပင် စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာအုပ်စာပေဖတ်ရှုမှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေနှင့်ပတ်သက်သော အကြောင်းအရာများနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နှင့် ပတ်သက်သော ရေဘေး၊ ငလျင်ဘေး၊ လေဘေး စသည့်အကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်၊ စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကျော်သူရ