မြသ်သား ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က နေရှင်နယ်ပရဟိတဘုန်းတော်ကြီးသင် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းကျန်းမာရေး စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံဓါတ်အားဆေးများတိုက်ကျွေးပေးခြင်း၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ သောက်ရေအိုးများတွင် ရေသန့်ဆေးခတ်ခြင်းများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)