ပင်းတယ ဩဂုတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာအုပ်စု၊ အင်းငယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြည်သူလူထုတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများနှင့် ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပထမဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ပင်းတယမြို့နယ်တွင် ပြီးခဲ့တဲ့ဇူလိုင်လ ၂၈ ရက်က သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပွားခဲ့ရသည့် ရေကြီးမှုနှင့် တောင်ပေါ်မြေများ ပြိုကျခဲ့ရသည့် အခြေအနေများ၊ လမ်းတံတားနှင့် စိုက်ပျိုးမြေများ ပျက်စီးခဲ့ရသည့် အခြေအနေများနှင့်ပတ်သက်၍ ဒေသခံကျေးရွာသူ/ကျေးရွာသားများအနေနှင့် လက်တွေ့ကြုံတွေ့ခဲ့ရပြီဖြစ်ပါကြောင်း၊ ဒီလိုသဘာဝဘေး ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းက တောတောင်များ ခုတ်ထွင်ရှင်းလင်းရာမှ တောတောင်များ ပြုန်းတီးလာခြင်းက အဓိကဖြစ်ရာ ကျေးရွာနေ မိဘပြည်သူများအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် ထိထိမိမိ သစ်ပင်များကို ပြန်လည်စိုက်ပျိုးပေးစေလိုကြောင်း၊ သစ်ပင်များ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက်လည်း မိမိတို့အနေဖြင့် ဆက်စပ်သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် မိဘပြည်သူများအနေနှင့် မိမိတို့၏ဒေသစားဝတ်နေရေးဖူလုံစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနများမှ နည်းပညာများရယူကာ ဒီထက်မကတိုးတက် အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် အသိပညာပေး ရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက အင်းငယ်ကျေးရွာ၊ ရွှေပုထိုးကျေးရွာ၊ ပြင်သာကျေးရွာနှင့် ညောင်ပင်ဝိုင်းကျေးများအတွက် လက်ရိုက်ဆည် (၈) ခုအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည် ဒေသခံပြည်သူ ကျေးရွာသူ/ကျေးရွာသားများက မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် အင်းငယ်ကျေးရွာအုပ်စုအတွင်း တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်တို့၏ ၎င်းတို့ဆောင်ရွက်နေ စီးပွားရေးလုပ်ငန်း အခြေအနေတို့ကို သွားရောက်ကြည်ရှုလေ့လာကာ ယခုထက်ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင်နိုင်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ခွင့်ပြုငွေဖြင့် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ ထိုမှပင်းတယမြို့ ဈေးတန်းရပ်ကွက်ရှိ အမေ့အိမ် ဓနုဒေသထွက် သဘာဝထုတ်ကုန်များနှင့် သဘာဝဆေးဖက်ဝင်ဓာတ်စာများ အရောင်းဆိုင်သို့သွားရောက်၍ အသစ်ထုတ်လုပ်ရောင်းချနေသည့် ထုတ်ကုန်အသစ် ပစ္စည်းများကို ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)