ချမ်းမြသာစည်မြို့နယ် သူရိန်နန်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ချမ်းမြသာစည်      ဩဂုတ် ၁၉

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် သူရိန်နန်းကိုယ်ပိုင် ကျောင်းတို့ပူးပေါင်း‌ကာ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉  နာရီခွဲက  မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ် သူရိန်နန်းကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်က အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခင်စိမ်း၀င်းက “လူငယ်များ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက်သူလေးများ ဖြစ်ပေါ်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များတိုးတက်လာ‌စေရန်နှင့် ပူး‌ပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ လူငယ်စကားဝိုင်းများကို ကျင်းပခြင်းဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် စကားဝိုင်းကိုဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူးက ဦးဆောင်‌ပြီး  Grade(11)နှင့် Grade (10)မှ ကျောင်းသူ‌လေးများက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊လူငယ်နှင့် ကျား/မ တန်းတူ အခွင့်အရေးစသည့် ခေါင်းစဉ်များဖြင့် ‌ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် စကားဝိုင်းသို့ တက်ရောက်လာသောကျောင်းသား/ကျောင်းသူများက ဖြည့်စွက်ဆွေးနွေးကြပြီးနောက် ကျောင်းသား/ကျောင်းသူများက ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။      

ချမ်းမြေ့ (ချမ်း/စည်)