မိတ္ထီလာ သြဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် စကားရည်လုပြိုင်ပွဲကို သြဂုတ် ၁၉ ရက် နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
စကားရည်လုပြိုင်ပွဲတွင် ခရိုင်ပညာရေးမှူး ဒေါ်မော်မော်က ပြိုင်ပွဲရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်စာရေးအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စကားရည်လုပြိုင်ပွဲကိုကျင်းပရာ “ဆိုရှယ်မီဒီယာ အသုံးပြုတာကောင်းတယ်၊ ဆိုရှယ်မီဒီယာအသုံးပြုတာမကောင်းဘူး” စသည့်ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါစကားရည်လုပြိုင်ပွဲကို မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ မလှိုင်မြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ပြခဲ့ကြရာ ပြိုင်ပွဲကို သြဂုတ် ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)