သာစည် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်မွန်းလွဲပိုင်းက ညောင်ရမ်းကျေးရွာအုပ်စု၊ ညောင်ရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ညောင်ရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးသက်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းက ဗလငါးတန်နှင့်ပြည့်စုံသည့်ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရေးအတွက် စာပေဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်၊ စာစောင်များ၊ မြို့နယ်တွင်းလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)