ပျော်ဘွယ် ဩဂုတ် ၁၉
ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ကလေးသူငယ်များအတွက်သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေး(Kaeru Caravan)အစီအစဉ်ကို ဩဂုတ်၁၉ရက် နံနက်၉နာရီ က အခြေခံပညာအထက်တန်းကျောင်း(ရန်အောင်)၌ ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၇၁)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး ကျော်ဆွေလင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့်အစီအစဉ်သည် ကျောင်းသား၊ ကျောင်းသူများအတွက် လွန်စွာအသုံးဝင်သည့် အစီအစဉ်ဖြစ်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာ ပေးအစီအစဉ်ရည်ရွယ်ချက်များ၊ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ကို အကူအညီပေးနိုင်မည့် ဗဟုသုတများကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစီအစဉ်များတွင် စနစ်တကျလေ့လာသင်ယူနိုင်ရေးတို့ကို ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးငြိမ်းသတ်သည့်ပစ္စည်းများအား မှန်ကန်စွာရွေးချယ်နည်း၊ ရှေးဦးပြုစုနည်းစသည်တို့ကို လက်တွေ့သရုပ်ပြ၊ ရှင်းလင်းဆွေးနွေးရာ ဗိုလ်မှူးကြီးကျော်ဆွေလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများက ကြည့်ရှုအားပေးကြကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)