သာကေတ သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇) အရှေ့ရပ်ကွက်အတွင်း ရှုခင်သာလမ်းရှိ ခုတင် ၁၀၀ ဆံ့သွားနှင့် ခံတွင်းအထူးကုဆေးရုံ(သာကေတ)တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသော ကိုရီးယားနိုင်ငံ Korea University Medicine မှ Mr Chang ဦးဆောင်သည့် ဆရာဝန်(၅)ဦး သူနာပြု(၂)ဦး စုစုပေါင်း(၇)ဦးသည် သွားနှင့် ခံတွင်းဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ပူးပေါင်း၍ ခွဲစိတ်ကုသရန်လျာထားသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးလူနာ(၂၈)ဦးအနက် (၈)ဦးအား ခွဲစိတ်ကုသမှုပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါခွဲစိတ်ကုသမှုပေးရာသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒဝင်း၊ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊ ခုတင်၁၀၀ဆံ့သွားနှင့် ခံတွင်းအထူးကုဆေးရုံ(သာကေတ)ဆေးရုံအုပ်ကြီး ဒေါက်တာအိနွယ်နီ၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်းတို့မှ ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့သည်။ လက်ရှိ(၃:၂၀)အချိန်ထိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးလူနာ(၆)ဦး မြောက်ခွဲစိတ်ခန်းအတွင်း ခွဲစိတ်ကုသပေးလျက်ရှိပြီး ကျန်ကလေးလူနာ(၂)ဦးအား ဆက်လက်ခွဲစိတ်ကုသဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရသည်။
အိရွှေစင်လတ် (ပြန်/ဆက်)