မိုးနဲ ဩဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ယခုနှစ် မိုးသီးနှံ ဆီထွက်သီးနှံနေကြာကို ၅၂ ဧက စိုက်ပျိုးရန်လျာထားပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးဖြစ်ရာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုက်ဟိုင်းကျေးရွာအုပ်စု၊ လုံစံကျေးရွာရှိ မိုးနေကြာရေဆင်းစပ်မျိုး-၁ မျိုးစေ့ထုတ် ၅ ဧက စိုက်ပျိုးထားရှိပြီး လိုအပ်သောနည်းပညာနှင့် သွင်းအားစုများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုမိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းမှ မျိုးများရယူ၍ ဆောင်းသီးနှံလျာထား ၁၂၅ ဧကအတွက် မျိုးစေ့များ ဖြန်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း တောင်သူများက နေကြာစိုက်ပျိုးခြင်းကို စိတ်ဝင်စားလာပြီး ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးလာကြောင်းနှင့် တောင်သူများအတွက် လိုအပ်သောနည်းပညာပေးခြင်းကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)