အလုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ဆောင်ရွက်

အလုံ ဩဂုတ် ၁၉

အလုံခရိုင်၊ အလုံမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုကိုကျောင်း များသို့ကွင်းဆင်း၍ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင် ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများက အမှတ်-၂၊ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအတွက် မေးခွန်း (၁၀၀) အား အဖြေတိုက်ဆိုင်စစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ထို့ပြင်(၂၀၂၅)-ခုနှစ်၊ အာဟာရဖွံဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများ၏ အိမ်သုံးဆားများတွင် အိုင်အိုဒင်းဓာတ်ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ အမှတ်-၇၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဌာနနှင့် ပူးပေါင်း၍ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းတို့ကို ဆောင်ရွက်သည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများမှ Ferry Land မူလတန်းကြိုကျောင်းနှင့် M123 မူလတန်းကြိုကျောင်းများသို့ သွားရောက်ပြီး ၅-နှစ်အောက်ကလေးများအား လက်မောင်းလုံးပတ်တိုင်းတာခြင်း၊ အရပ်အမြင့်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်ပေးခြင်း၊ ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်း၊ အိမ်သုံးဆားများတွင် အိုင်အိုဒင်းဓာတ်ပါဝင်မှု ရှိ၊ မရှိစစ်ဆေးပေး​​ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)