နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုအား ကြည့်ရှုအားပေး

နေပြည်တော် ဩဂုတ် ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ ကွင်းအမှတ် ၁၈၈၅ တောင်သူ ဦးထွန်းဝေ၏ လယ်၅၀ ဧကတွင် ပေါ်ဆန်းရင်စပါး စိုက်ပျိုးနေမှု၊ သဘာဝမြသြဇာနှင့် ဓာတ်မြေဩဇာ ရောစပ်ကြဲပက်နေမှု၊ ကောက်ရိုးဖြင့် သဘာဝမြေဩဇာ ပြုလုပ်နေမှုများကိုလှည့်လည် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲစေရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေရရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား - တောင်ညိုလမ်းတွင် လမ်းဘေးဝဲယာ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းပခုံးသားများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်သို့ သွားရောက်ပြီး ချင်းရွာဓမ္မာရုံတွင် ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးသည့်စနစ်အား မဲဆန္ဒရှင်ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများအား  လစ်ဟာမှုမရှိအောင် ဆောင်ရွက်နိုင်ရေးတို့ကို  မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)