ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School) ပြိုင်ပွဲသို့ မိုင်းဆတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း (နားကော) ဝင်ရောက်ယှဉ်ပြိုင်မည်

မိုင်းဆတ် ဩဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ပြည်နယ်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေခံပညာအလယ်တန်းကျောင်း (နားကော) ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School) ပြိုင်ပွဲဝင်မည့် အခြေခံပညာအလယ်တန်းကျောင်း (နားကော) အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ တွေ့ဆုံ၍ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊  မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်း၍ စည်းလုံးညီညွှတ်မှုကို ပြသသင့်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီကာ မိုင်းဆတ်မြို့နယ်၏ ဂုဏ်ကိုဆောင်သင့်ပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးပြုံးကြည်က Clean and Green School လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအားလည်းကောင်း၊ ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းသန့်နိုင်က Clean and Green School ဆောင်ရွက်ရသည့် လုပ်ငန်း၏ရည်ရွယ်ချက်များအားလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနိုင်ထူးအောင်က မြို့နယ်ကိုယ်စားပြု Clean and Green School ပြိုင်ပွဲဝင်မည့် အခြေခံပညာအလယ်တန်းကျောင်း (နားကော) အတွက်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသား မိဘ/အုပ်ထိန်းသူများအနေဖြင့် တတ်နိုင်သည့်အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးစေလိုသည့်အချက်များအားလည်းကောင်း ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်အနေဖြင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School) ဆုကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (မိုင်းဆတ်) က ပြည်နယ်အဆင့်ဒုတိယဆု၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း (ဝိန်းဝိုင်) က ပြည်နယ်အဆင့်တွင် ပထမဆု၊ နိုင်ငံတော်ဗဟိုအဆင့်တွင် တတိယဆုရရှိခဲ့ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)