သထုံ ဩဂုတ် ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးသရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ရာ သထုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစံလှဘော်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းထွန်းမောင်တို့က မိတ်ဆက်စကားများပြောကြားကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာထွေးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တွင်ပါဝင်သည့် စက်ပစ္စည်းများနှင့် အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူတို့က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြပြီး တာဝန်ရှိသူတို့က Print ထုတ်ခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်တိုက်ဆိုင်စစ်ဆေးခြင်း စသည့်မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်တို့ကို လက်တွေပြသခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ သထုံခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သထုံမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)