ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရူစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန် အကွက်အမှတ် A27 ရှိ SUPER SEVEN STARS AGRI-TECH CO.,LTD ၏ ခြံတွင် ဥစားကြက် အကောင်ရေ(၃၀၀၀) မွေးမြူထားရှိမှုနှင့် ခြံတိုးချဲ့တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် တိုးချဲ့မွေးမြူကြရန်နှင့် တိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးကြရန် စသည်တို့ကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် မော်တော်ယာဉ်ဖြင့်လှည့်လည်ကာ တိုက်ကြီးမွေးမြူရေးဇုန်အတွင်း လုပ်ကွက်အလိုက် မွေးမြူရေးခြံများ တည်ဆောက်နေသည့်အခြေအနေများအားလည်းကောင်း၊ ရေလှောင်တမံဧရိယာနှင့် ဆက်စပ်သောနေရာများတွင် ငါးမွေးကန်နှင့် ဘဲခြံများ တည်ဆောက်နေမှု အခြေအနေများအားလည်းကောင်း၊ တိုက်ကြီးမွေးမြူရေးဇုန်အနီးရှိ သနပ်ချောင်းပိတ်ရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှုအခြေအနေအားလည်းကောင်း၊ တမံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)