ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

ရန်ကုန် သြဂုတ် ၁၈

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က ဦးစီးကျင်းပသည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်ဝင်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဥပဒေနှင့် ပတ်သတ်သည့် အသိပညာပေးသင်တန်း၏ ရည်ရွယ်ချက်ဖြစ်သည့် ကျုးလွန်ခဲ့သည့် ပြစ်မှုများကို ဖုံးကွယ်ရန်၊ စုံစမ်းဖော်ထုတ်ခံရခြင်းမှ ရှောင်ရှားနိုင်စေရန်၊ တရားမဝင်ပိုင်ဆိုင်မှုများကို ထိန်းသိမ်းကာကွယ်ရန်၊ ငွေမဲများ တရားဝင်ဘဏ္ဍာရေးစနစ်အတွင်း သွပ်သွင်းနိုင်စေရန်နှင့် အခွန်တိမ်းရှောင်ရန် ဆောင်ရွက်မှုများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းသို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ ရွှေဆိုင်ဝန်ထမ်းများအတွက်ရည်ရွယ်ပြီး အထူးဖွင့်လှစ်ခြင်းဖြစ်ကာ သင်တန်းသား၊ သင်တန်းသူ ဦးရေ ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်