ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

စစ်တွေ ဩဂုတ်  ၁၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားလာစေရေးနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန်၊ အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အားကစားလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် အနေဖြင့်လည်း နွေရာသီအခြေခံအားကစားသင်တန်း၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ အေရိုးဗစ်ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ ယခုကျင်းပသော အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကို ကျန်းမာကြံ့ခိုင်သော ကျောင်းသူများပေါ်ထွက်လာစေရန်၊ အမျိုးသမီးများအားကစားကို စိတ်ပါဝင်စားလာပြီး အမျိုးသမီးတစ်စု အားကစားမှ အမျိုးသမီးထု အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်ရန်၊ အမျိုးသမီးထု၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ရန်၊ အမျိုးသမီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ရခိုင်ပြည်နယ် အေရိုးဗစ်အသင်း ဖွဲ့စည်းဆေင်ရွက်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ အားကစားကဏ္ဍကို မြှင့်တင်ခြင်းသည် ရခိုင်ပြည်နယ်၏ ပုံရိပ်ကို မြှင့်တင်ရာ ရောက်သည့်အတွက် ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသူများအနေဖြင့်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရန် ဆက်လက်ကြိုးပမ်းသွားရန် လိုကြောင်း၊ အားကစားသမားများ၏ လေ့ကျင့်မှု၊ ကြိုးပမ်းအားထုတ်မှုများအတွက် မှတ်ကျောက်တင်ကြရမည့်နေရာများမှာ အားကစားပြိုင်ပွဲများ ဖြစ်သည့်အတွက် ယခုပြိုင်ပွဲတွင် မိမိကျောင်းအနိုင်ရ မှတ်ကျောက်တင်နိုင်အောင် ကြိုးစားသွားကြရန် လိုကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ကြသော အခြေခံပညာကျောင်းများမှ အားကစားသမားများအနေဖြင့် အနိုင်အရှုံးကို အဓိကမထားဘဲ ယှဉ်ပြိုင်ခြင်းသည်သာ အဓိကဆိုသည့် အားကစား၏ ကောင်းမြတ်သော စိတ်ဓာတ်ထားရှိပြီး အစွမ်းကုန်ကြိုးစား အားထုတ်ယှဉ်ပြိုင်သွားကြရန်နှင့် ပြိုင်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေး တာဝန်ခံများ  အသင်းအုပ်ချုပ်နည်းပြများအနေဖြင့်လည်း ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျောင်းပေါင်းစုံအေရိုးဗစ်ပြိုင်ပွဲအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လက်ခံရယူပြီး ကျောင်းသူလေးများက အေရိုးဗစ်အကဖြင့် သရုပ်ပြသကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲအသင်းများက အသင်းလိုက်ပါဝင်ယှဉ်ပြိုင်ကြသည်။

အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကို စစ်တွေမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အထက်တန်းကျောင်း (ခွဲ)များမှ ပြိုင်ပွဲဝင်အသင်း (၁၀) သင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းတွင် နေထိုင်သည့် တိုင်းရင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့်  တိုင်းရင်းသားရေးရာကိစ္စရပ်များကို ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခု ဖွင့်လှစ်ခဲ့သော စက်ချုပ်သင်တန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပထမအကြိမ်ပြုလုပ်ခဲ့သော တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များ ဆန်းစစ်ချက်စစ်တမ်းရလာဒ်အပေါ် မူတည်ကာ တိုင်းရင်းသားများအတွက် ပထမအကြိမ်ဖွင့်လှစ်သည့် သက်မွေးဝမ်းကျောင်းသင်တန်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပေးလိုက်သည့် သင်ခန်းစာများ၊ ပညာရပ်များ၊ အတွေ့အကြုံများကို ထိုက်သင့်သလောက် သင်ယူတတ်မြောက်ပြီဟု ယုံကြည်ပါကြောင်း၊ ယခုသင်တန်းကို အောင်မြင်အောင် စီစဉ်ဆောင်ရွက်ပံ့ပိုးပေးခဲ့ကြသော တာဝန်ရှိသူများနှင့် ပံ့ပိုးပေးသူများ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း၊ ထူးချွန်စွာအောင်မြင်ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော သင်တန်းသူများအတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် သင်တန်းသူများ အနေဖြင့်လည်း အနာဂတ်မှာ ပိုမိုထူးချွန်ထက်မြက်သော လူတော်လူကောင်းတွေ ဖြစ်လာအောင် ကြိုးစားကြမည်ဟု မျှော်လင့်ကြောင်းနှင့် သင်တန်းသူများအားလုံး မိမိဒေသပတ်ဝန်းကျင်နှင့် လူ့အသိုင်းအဝန်းအတွက် တန်ဖိုးရှိသော လူငယ်တိုင်းရင်းသားများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင် ပထမဆုရရှိသော သင်တန်းသူအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသော သင်တန်းသူအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်ကလည်းကောင်း၊ တတိယဆုရရှိသော သင်တန်းသူအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် သင်တန်းတွင် နှစ်သိမ့်ဆုရရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များအား ပြည်နယ်အစိုးရအဖွဲ့ဝင်က ပေးအပ်ကြရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ခန်းမအတွင်း သင်တန်းသူများ၏ ချုပ်ထည်များ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)