တာချီလိတ် ဩဂုတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်များအား ကျန်းမာရေးအသိပညာပေးခြင်း၊ သန့်လေးသန့်နှင့် ကလေးပျော်စင်တာများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အိုးဆယ်ဗင်းတောင်လယ်ရှိ မိုးမေတ္တာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် ကျင်းပပြုလုပ်သည်။
ထိုသို့ကျင်းပရာတွင် တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်း ဒုတိယတပ်ဖွဲ့မှူး ဦးစိန်အောင်မင်းက လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ဆရာ ဆရာမများနှင့် ကလေးသူငယ် ၁၂၀ ဦးတို့အား သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေးအကြောင်းအရာများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်းအရာများ၊ Covid-19 အကြောင်းအရာများ စသည့်ကျန်းမာရေးအသိပညာများကို ရှင်းလင်းပြောကြားပြီး ကလေးသူငယ်များအား အာဟာရအဖြစ် ထမင်း၊ အချိုရည်နှင့် မုန့်များကို ကျွေးမွေးကြသည်။
ထို့နောက် မွန်းလွဲ ၂ နာရီတွင် တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်း မြို့နယ်တပ်ဖွဲ့မှူး ဦးဉာဏ်မြင့်ထွန်းက လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ဆရာ၊ ဆရာမများနှင့် ကလေးသူငယ်များအား အစားအစာသန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်းနှင့် အိမ်သာသန့်ရှင်းခြင်း စသည့် သန့်လေးသန့်အကြောင်းအရာများကို ရှင်းလင်းပြောကြားကာ ကြည်ခြေနီတပ်ဖွဲ့ဝင်များက ကလေးများနှင့်အတူ ဝိုင်းဖွဲ့သီဆိုကပြခြင်း၊ ဉာဏ်စမ်းဂိမ်းကစားနည်း၊ ပန်းချီးရေးဆွဲခြင်း၊ အိုးစည်၊ ပတ္တလား စသည့်တူရိယာများဖြင့် ကစားနည်းစုံလင်စွာ ကလေးပျော်စင်တာများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)