မိုင်းယန်းမြို့၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းယန်း ဩဂုတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်သည့် ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်များ စိစစ်ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက ပါမိုင်ရပ်ကွက် မူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ‌သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းသောင်းရွှေတို့မှ အသီးသီးပေးအပ်ပြီး UID ကတ်များ ပြုလုပ်ပေးနိုင်ရေး ဇီဝဆိုင်ရာအချက်အလက်များ စိစစ်ကောက်ယူ ဆောင်ရွက်ပေးနေမှုအခြေအနေများကို မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကျော်နှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး