ရွှေကူမြို့ ဘောဂဗလ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့်  စာဖတ်ဝိုင်းဆောင်ရွက်

ရွှေကူ    ဩဂုတ်  ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာပေမှရရှိသည့် ဗဟုတသုတများကို တစ်ဦးနှင့်တစ်ဦးမျှဝေ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ နယ်လှည့်လုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၁၈ ရက် နံနက် ၈ နာရီခန့်က ဘောဂဗလ အခြေခံပညာ အလယ်တန်းကျောင်းသို့ နည်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ပပသိန်းက “မျိုးဆက်သစ်များ တိုးတက်ဖို့ မူးယစ်ဆေးဝါး တိုက်ထုတ်စို့” ဆိုသည့်အတိုင်း  လူငယ်လူရွယ်တိုင်း ဘဝအောင်မြင်ရေးအတွက် ကြိုးစားနေချိန်အတွင်း ဥစ္စာပစ္စည်းဆုံးရှုံးခြင်း၊ ကျန်းမာရေးဆုံးရှုံးခြင်း၊ စာရိတ္တဆုံးရှုံးခြင်းဟူသော ဆုံးရှုံးခြင်းများ မရှိရလေအောင် မိမိကိုယ်တိုင်မှစ မိမိမိသားစု၊ မိမိပတ် ဝန်းကျင်၊ မိမိနိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်း ပပျောက်စေရန်၊ မူးယစ်ဆေးဝါး ကင်းစင်သော နိုင်ငံဖြစ်လာစေရန် အသိပညာဗဟုသုတနှင့်ပြည့်စုံသော ဉာဏ်ပညာနှင့်အတူ ကာကွယ်တားဆီး နေထိုင်သွားကြရန် အကျယ်တဝံ့ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကို ဆက်လက်ဆောင် ရွက်ခဲ့ရာ စာရေးဆရာ ဗန်းမော်သိန်းဖေ ရေးသားသော “မျှဝေလိုသော အတွေးများ (၂)” ၊ စာရေး ဆရာမိုးရှင်း ၏ “အမှောင်ထုထဲက မြစ်တစ်စင်း”၊ စာရေးဆရာကောင်းသန့်၏ “တိုးတက် ၊ အောင် မြင်၊ ကြီးပွား” စာအုပ်များဖြင့် ကျောင်းသားလူငယ်များက ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီး ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်း၊ ဒုတိယဦးစီးမှူးများဖြစ်ကြသော ဒေါ်သူဇာမြင့်၊ ဒေါ်ခင်မိမိမြတ်နှင့်အတူ အဆိုပါ ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်သဲသဲဦးတို့က ကျောင်းသားကျောင်းသူများ၏ ဆွေးနွေးချက် များအပေါ် ထပ်ဆင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်