ရေး ဩဂုတ် ၁၆
မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးရက်သတ္တပတ် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် KG တန်း ကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန် ကျောင်းတွင်းအာဟာရကျွေးခြင်းကို ဩဂုတ် ၁၄ ရက်နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ ကျောင်းကျန်းမာရေးရက်သတ္တပတ် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ရေးခရိုင်၊ ကုသရေးဦးစီးဌာန သွားနှင့်ခံတွင်းကုသရေးဦးစီးဌာနမှ ဒေါက်တာမင်းအောင်မာန်နှင့် ကျန်းမာရေးဝန်ထမ်း ဆရာမများက KG တန်းမှ Grade-3 ထိ သွားနှင့်ခံတွင်းရောဂါစစ်ဆေးပေးပြီး ကျန်ရှိသည့်ကလေးငယ်များအား တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ခြေသည်း၊ လက်သည်းစစ်ဆေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး လိုအပ်သည့်ဆေးများပေးခြင်းနှင့် အားဆေးများ တိုက်ကျွေးခြင်း ဆောင်ရွက်သည်။
ထို့အတူ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးထက်နှင့် မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများက KG တန်း ကလေးငယ် ၇၂ ဦးတို့အား အစာအုပ်စုသုံးအုပ်စုတွင်ပါဝင်သည့် ကျန်းမာရေးနှင့်ညီညွတ်သော နေ့လယ်စာ အာဟာရနှင့် အာဟာရမှုန့်ဖြည့်စွက်ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်သည်။ ရေးမြို့နယ်အနေဖြင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ကျန်ရှိသည့် အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှင်းသန့်ဖြူ