ရေးမြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေး လူငယ်ရေးရာအသိပညာပေးဟောပြော

ရေး ဩဂုတ် ၁၆

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာသင်ယူမှုအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက်က အမှတ်(၄)အခြေခံပညာမူလတန်း(လွန်)ကျောင်းနှင့် အမှတ်(၉)အခြေခံပညာမူလတန်း(လွန်)ကျောင်းတို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက လူငယ်ရေးရာခေါင်းစဉ်ဖြင့် ဆယ်ကျော်သက်လူငယ်များ၏ အသက်အရွယ်အပိုင်းအခြား၊ လူငယ်များအနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအပေါ် လိုက်ပါသင်ယူကြစေလိုကြောင်း၊ လူကောင်းလူတော်များဖြစ်ရေး မိမိကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းစာသင်ကြားသင်ယူမှုသာမက ပြင်ပစာပေဗဟုသုတများ လေ့လာမှတ်သားရမည်ဖြစ်ကြောင်းနှင့် မိမိ၏ကိုယ်ပိုင်ဉာဏ်ဖြင့်သာ အမှားနှင့်အမှန်ခွဲခြားသိမြင်နိုင်မည်ဖြစ်၍ ဘဝရည်မှန်းချက်ပန်းတိုင် လျှောက်လှမ်းရာတွင် အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ကြောင်းကို ဟောပြောပေးသည်။

ထို့နောက် ဟောပြောသည့်အကြောင်းအရာများမှ ပြန်လည်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အဖြေမှန်သူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးပြီး အသိပညာဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ရှင်းသန့်ဖြူ