ကျိုက်ထိုမြို့ အ.ထ.က-ခွဲ (ဇေယျာမွန်)၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်စကားဝိုင်း ပြုလုပ်

ကျိုက်ထို ဩဂုတ် ၁၈     

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ အခြေခံပညာအထက် တန်းကျောင်းခွဲ ဇေယျာမွန်၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ အ.ထ.ကခွဲ ဇေယျာမွန်မှ ကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်အေးက အမှာစကားပြောကြားကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့်ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည့်စုံရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကိုလေ့လာခြင်းဖြင့်  နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.ထ.က(ခွဲ)ဇေယျာမွန် Grade(12)မှ မခိုင်သဇင်စိုး၊ Grade(10)မှ မောင်လမင်းထက်ဦး၊ မသင်းပျံ့ဝတီ၊ Grade(9)မှ မရှင်းသန့်ဖြူ တို့က”ကိုယ့်ကိုကိုယ်စီမံခန့်ခွဲခြင်း”၊ "လူငယ်နှင့်ရွှေရောင်အနာဂတ်"၊ "ပြောင်းလဲတိုးတက် သောကိုယ်ရည်ကိုယ်သွေး"၊ "အဓိပ္ပါယ်ရှိသောဘဝတစ်ခုကိုရှာဖွေခြင်း" စသည့်ခေါင်းစဉ် တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့်စာရေးသူ၏ ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူများကသိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာစကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး စာပေချစ်သူများအသင်းအဖွဲ့ဝင်ဦးတင်‌ထွေးက နိဂုံးချုပ်အမှာစကား ပြော‌ကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကိုခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)